စိတ်မညစ်နဲ့...ဘာဖြစ်ဖြစ်...စိတ်မညစ်နဲ့

ကျွန်တော်တို့ သိကြတဲ့အတိုင်း နယူးယောက်မြို့ကြီးကို THE CITY NEVER SLEEP လို့ အများက ခေါ်ကြပါတယ်။ ခေါ်လောက်အောင်လဲ ၂၄နာရီလှုပ်ရှား ရုန်းကန်နေကြကာ စီးပွားရေး အချက်အချာကျသော မြို့ကြီးတမြို့ မြို့ရဲ့ အစည်ကားဆုံးနေရာဖြစ်တဲ့ TIME SQUARE ဆိုရင်လဲ တနေကုန် ည မနက် ခရီးသွားဧည့်သည်များနှင့် စည်ကားစမြဲ။ ဒါပေမယ့် COVID 19 ကပ်ဆိုးကြီး ပေါ်လာပြီးတဲ့နောက် မြို့တော်ကြီးရဲ့ THE CITY NEVER SLEEP ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ကျလာခဲ့ပါတယ်။ ရောဂါဆိုးကြီးကြောင့် အလုပ်အကိုင်အချို့ အိမ်မှာ လုပ်ခွင့်ရခဲ့သလို SUB WAY မြေအောက်ရထားမှာလဲ အရင်ကလို ကျိတ်ကျိတ်တိုး စည်ကားမနေတော့ပါဘူး။

          စီးပွားရေးအရလဲ အရင်ကလိုမကောင်းတော့တာမို့ အသွားအလာကျဲလာသလို တချိန်က China town, So Ho, Broadway တို့ဟာလဲ ညဘက် ညဥ့်နက်ချိန်အထိ စည်ကားနေပေမဲ့ ည၆နာရီကျော်ရင်ပဲ သိသိသာသာ ခြောက်ကပ်လာပါတော့တယ်။

        ဒီကပ်ဆိုးကြီး ကျော်လွန်ပြီးခါစ US မှာ ခြေချမိသူတွေအတွက်တော့ အခက်ကြုံရ။ မြန်မာစကားပုံလို တရွာမပြောင်း သူကောင်းမဖြစ်၊ သေချင်တဲ့ကျား တောပြောင်း တို့ရဲ့ ကြားကာလဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ပြည်ပမှ တရားဝင် ဝင်ရောက်လာသူတွေအတွက်တော့ အသက်ရှူချောင်စရာ အလုပ်လုပ်ခွင့်ကဒ်ပြား၊ နိုင်ငံရေးခိုလှုံခွင့် Asylum စသည်တို့ ရှိသေးတာကြောင့် ကောင်းရောင်းကောင်းဝယ် လက်လှမ်းမှီရာ ဝင်ငွေ Check, Cash ရတဲ့ အလုပ်လေးတွေနဲ့ ဘဝကို ရုန်းကန်နိုင်ခဲ့ပါသေးတယ်။ ကျနော်တို့ ရွှေတွေအတွက်လဲ SUSHI ဆူရှီ၊ ကျောက်တန်း လက်လှမ်းမီရာ Deli ဆိုင်လေးတွေမှာ အဆင်ပြေလျက်။

       မြွေပူရာ ကင်းမှောင့်အချိန်က ကြံဖန်ရောက်လာပြန်တော့ အုတ်အရောရော ကျောက်အရောရော တရားမဝင် ဝင်ရောက်လာသူတွေ၊ ပြစ်မှုကျူးလွန်တဲ့ ပြည်ပမှ အခြေချဝင်ရောက်လာသူတွေကို ပြည်ပသို့  ပြန်ပို့မဲ့အချိန်ရောက်လာတော့  တရားဝင်  အလုပ်လုပ်ကိုင်ခွင့် မရသေးသူ၊ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေအတွက် ကျီးလန့်စာစား ဖြစ်ရပြန်တော့တယ်။ အဲဒီအထဲမှာလဲ ပူပူနွေးနွေး ရွှေတချို့ ပါတာမို့ စိတ်သောကရောက်ကြမှာ မလွဲပါ။

        နိုင်ငံရေးအရ ဘယ်လိုမှ ဝေဘန်မှုမပြုလိုသော်လဲ နှစ်ရည်လများ တည်တံ့ခိုင်မြဲလာခဲ့တဲ့ ဒီမိုကရေစီ ထိပ်တန်းနိုင်ငံတခုအတွက်တော့ အခိုက်အတန့်လို့ပဲ ထင်မြင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခိုက်အတန့်ကာလကြီးမှာ ပြဿနာစိတ်ရှုပ်စရာ စိတ်ညစ်စရာတွေ ရင်ဆိုင်ကြရပေမဲ့  ရိုးရိုးသားသား   ကြိုးစားအားထုတ်မှုတွေနဲ့  ခေတ်စနစ်ရဲ့ အကြပ်အတည်းကာလကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မွေးရပ်နိုင်ငံက ဒုက္ခသုက္ခတွေကို ရင်ဆိုင် ကျော်ဖြတ်ပြီး ထိပ်တန်းနိုင်ငံတခုကို ခြေချမိကတည်းက ဒုက္ခဆိုတာ အနည်းနဲ့အများ ရင်ဆိုင်ရစမြဲ။ ဘာသာစကား၊ ယဥ်ကျေးမှု၊ ကိုးကွယ်ရာယုံကြည်မှု မတူညီကြတော့လဲ တရားဝင်နေထိုင် လုပ်ကိုင်ခွင့်မရမီ စိတ်ဓါတ်ကျမိကြမှာတော့ အမှန်ပါ။

         သည်အချိန်ကာလမျိုးမှာ ကျနော်တို့ ရွှေမြန်မာတို့ စိတ်ဓါတ်ကြံ့ခိုင်စေဘို့ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ အခက်အခဲမျိုးစုံ ကျော်လွှားနိုင်စေဘို့  ကျနော်   လွန်ခဲ့တဲ့ နှစ် ၃၀ကျော် ရောက်ခါစ ကြားဘူးနားဝနဲ့ ကိုယ်တွေ့တချို့ကို ဖောက်သည်ချလိုက်ပါတယ်။ ရိုးသားစွာလုပ်ကိုင်ရင်းဥပဒေပညာရှင်များနှင့် တိုင်ပင်အောင်မြင်ပါစေ။

        ကျနော်တို့ရွှေတွေဟာ ဆင်းရဲဗဟုသုတခေါင်းပါးတဲ့ တိုင်းပြည်တခုက လာကြရပေမဲ့ ပင်ကိုအရည်အချင်းနဲ့   ဖြတ်ထိုးဥာဏ်ကတော့မနိမ့်ကျလှပါဘူး။ ပစ္ဖည်းပစ္စယ မစုံလင်လှတဲ့ အရပ်ဒေသကတည်းက မရှိ ရှိတာနဲ့ လုပ်တတ်သလို တီထွင်တတ်ပါတယ်။ ကျနော် US ရောက်စ စီနီယာသူငယ်ချင်းတွေက ပြောပြပါတယ်။ မြန်မာပြည်က လူတယောက် အလုပ်ကမရ စိတ်ဓါတ်တွေကျ DEPRESSION ရပြီး ပုဆိုးဝတ်နဲ့   ပင်လယ်ကမ်းခြေ   တခုမှာ  တစ်ယောက်တည်း လျှောက်နေခဲ့တယ်။ သူ့ကိုမြင်တွေ့ရတဲ့ ဒီနိုင်ငံသားတယောက်က ထူးဆန်းအံ့သြစွာနဲ့ ချဥ်းကပ်သွားပြီး မင်းဘယ်နိုင်ငံသားလဲ..ဘာဖြစ်လို့လဲ စပ်စုမေးသတဲ့။ များသောအားဖြင့် ဒီနိုင်ငံသားတွေဟာ သူများအကြောင်း စပ်စုတာနဲပါတယ်။ မြို့ကြီးသားဆန်တာလား..မရှုပ်ချင်တာလားတော့မသိ။ ရွာနဲ့တော့ တော်တော်ကွာလှပါတယ်။ အဲဒီလူကမေးတော့ ရွှေကလဲ အလုပ်အဆင်မပြေ.......ဝေ ငိုမပြပေမဲ့ ပြောပြလိုက်ဖြစ်တယ် ဆိုပါတယ်။ သူက မင်းဘာလုပ်တတ်လဲမေးတော့ TENNIS ကောင်းကောင်းရိုက်တတ်မှန်း သိရပါတော့တယ်။ တိုတိုပြောရရင်တော့ ပညာရှင် သူ့ရဲ့ TENNIS CLUB တခုမှာ TENNIS နည်းပြအဖြစ် ခန့်အပ်လိုက်ပါတော့တယ်။ တရားဝင်နေထိုင်ခွင့်လဲ ရသွားလျက်။

          ကျနော်တို့ရွှေတွေကတော့ ဒီနိုင်ငံသားတွေကို တခုတည်း စူးစူးစိုက်စိုက် အာရုံမလိုက်နိုင်၊ ရေစုံ ရေဆန်ကို ကျရာလှော်တက်နဲ့ လှော်ခဲ့ရတာမို့ အစုံလုပ်တတ်သည်ကတော့ ပြောစရာမလို။ ဒီနိုင်ငံကို လာရောက် ရုန်းကန်ကြကတည်းက အတတ်ပညာ ကျွမ်းကျင်မှုတခုကတော့ တတ်ကြပါတယ်။ သည်လို အတတ်ပညာရှင်တွေကိုပဲ H1, Green Card စသဖြင့် VISA ပေးခဲ့ပြီး လူတော်လူကောင်းတွေနဲ့ တည်ထောင်ခဲ့တာပါ။ ဒီနိုင်ငံကို အခြေချ ဝင်ရောက်လာသူအများစုက American Dream ဆိုတဲ့ အိပ်မက်ကောင်းတခု ရှိကြစမြဲ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဥပဒေဘောင် ကျော်လွန်ခဲ့သူတွေရှိသလို ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ရင်း အိပ်မက်မှန်ရသွားသူတွေလဲ ဒုနဲ့ဒေး။ “ဆွမ်းဆန်စိမ်းထဲ ကြွက်ချေးရော” နေတာ စိစစ်တင်းကြပ်နေချိန်မှာတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံနဲ့ စေတနာမှန်နဲ့ အောင်မြင်ကြပါစေလို့ ဆုတောင်းမိပါတယ်။  

        သည်နိုင်ငံကြီးဟာ အရင်းရှင်နိုင်ငံကြီးဖြစ်တဲ့အတွက် လုပ်ငန်းအပြိုင်အဆိုင်နှင့် မိမိအတွက် အကျိုးရှိရင်ရှိသလို အသုံးချအားပေးတတ်တဲ့ နိုင်ငံတခုလဲဖြစ်တယ်။ အားနာခြင်း၊ စာနာခြင်းတွေက သူတို့စိတ်ထဲတွင် သိပ်ရှိပုံမပေါ်။ မရိုးသား၊ မ ကြိုးစား၊ အသုံးမဝင်တော့ဘူး ထင်ရင်တော့ မနက်ဖန်မလာနဲ့တော့မို့ ရိုးရိုးသားသား ကြိုးစားမှုကတော့ အထူးလိုအပ်လှပါတယ်။

       ကြွားဝါခြင်းမဟုတ်သော ကျနော့်ကိုယ်တွေ့တခုကို တင်ပြလိုက်ပါတယ်။ ကျနော်ပျော်သော တက္ကသိုလ်မှာ ကျနော်မပျော်တော့သောကြောင့် သည်နိုင်ငံကို အလည်အပတ်သဘော ထွက်ခဲ့ပါတယ်။ ရောက်စက Washington DC မှာ ကျနော် မချမ်းသာလှပါ။ ပန်းချီဆရာပေကိုး။ ရောက်စက ဘာကဒ်မျှမရှိ။ NON DRIVER LICENSED တခုသာ ID အဖြစ် ရှိခဲ့ပါတယ်။ ကံကောင်းထောက်မစွာ သတင်းစာဖတ်ကြည့်ပြီး T SHIRT ဆေးဆိုး(TIE DYE)အလုပ်တခု ကိုယ်နှင့်နီးစပ်သည်ထင်၍ လျှောက်ကြည့်ရာ အစုံသုတ် မြန်မာပန်းချီဆရာကျနော် အလုပ်ရခဲ့တယ်။ ဘာတခုမှမရှိတော့  တနာရီ $5ပေါ့။ အလုပ်လုပ်ခွင့်ကဒ်ပြားလဲ လျှောက်ခိုင်းလေရဲ့။ ကျနော်က ပန်းချီဆရာ၊ Chemistry ဘွဲ့ရ၊ TIE DYE ဆိုးဆေးတွေလဲ အနည်းငယ်နားလည်သမို့ သူ့ရဲ့အကို Lawyer ကတဆင့် Green Card လျှောက်ပေးမယ်ပြောပါတယ်။

         ကျနော်လဲ  ရသမျှလေးနဲ့ အကိုအိမ်မှာ  ကပ်နေရင်း အဆင်ပြေနေသပေါ့။ ရွှေတွေကလဲ လူနည်းစုမို့ Weekend တွေမှာဆို ဂယ်သာရင်း GATHERING လုပ်ကြ၊ ဆိုကြ၊ ကကြ၊ စားကြသောက်ကြနဲ့ ခင်ရာဆွေမျိုး ပျော်စရာဘဝလေးပါ။ တနေ့ ကျနော့်အကိုက NEW YORK ကို သွားလည်ခွင့်ပြုပြီး လိုက်ပို့ပေးတော့ တယ်စည်ကားတဲ့ မြို့ကြီးပါလား။ စာအုပ်ထဲတွေ့ဖူးတဲ့ NEW YORK ကို ရောက်သွားလေရဲ့။ ပန်းချီနဲ့ ကမ္ဘာကျော်ချင်စိတ်ကလဲ တိတ်တဆိတ် ရောက်လာသပေါ့။ Washington GEORGE TOWN MALL ထဲက Gallery တခုမှာ မိန်းမကြီး……ကျနော် ပန်းချီဆရာမှန်းသိပြီး ပြောခဲ့တာ နားထဲဝင်လာခဲ့တယ်။ သူမက မင်းပန်းချီလုပ်ချင်ရင် ဒီမှာမနေနဲ့။ Washington DC က Conservative မြို့။ မင်း NEW YORK သွားလို့ ပြောပါတယ်။ သူမစကားနဲ့ စည်ကားတဲ့မြို့ကြီး ပေါင်းစပ်ပြီး NEW YORK မြို့ကြီးကို ထွက်ခွာလာခဲ့ပါတော့တယ်။

         အကိုကတော့ မင်းဒီမှာ အလုပ်လဲအဆင်ပြေ၊ Green Card လျှောက်ပေးမဲ့သူနဲ့ စဥ်းစားဖို့ ပြောပါတယ်။ ဒါပေမယ့် ကျနော် နေ့ချင်းညချင်း ကမ္ဘာကျော်မယ် ထင်ခဲ့တာကိုး။

        ဆိုလိုတာကတော့ ကျနော် မကြာခဏ ဖော်ပြလေ့ရှိတဲ့ “တရွာမပြောင်း သူကောင်းမဖြစ်နဲ့ သေချင်တဲ့ကျားတောပြောင်း” ပါပဲ။ အကြံပြုချင်တာကတော့  Risk  ယူရတော့  ပြောင်းလဲမှုတွေမှာ  ဆန္ဒတခုထဲမလိုက်ပဲ အခြေအနေမှန်ကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။

       ကျနော် ရန်ကုန်က မိတ်ဆွေက သူ့အသိတွေ New York မှာ စက်ရုံရှိကြောင်း လိုအပ်က အကူအညီပေးနိုင်ကြောင်း ပြောခဲ့ပြီး ဖုန်းနံပါတ်ပေးခဲ့ပါတယ်။ အဲဒီဖုန်းနံပါတ်အားကိုးနဲ့ ကျနော် New York ရွှေမြို့တော်ကြီးကို ထွက်လာခဲ့တယ်။ မေလကြီးမှာ Neck Tie နဲ့ Suit နဲ့ ဝတ်ထားတဲ့ မြို့မကျတောသားဆိုလို့ ကျနော်တယောက်ပဲရှိပါတယ်။ Gray Hound ဘတ်စ်ကားပေါ်က ပုရိသတွေက T-Shirt နဲ့စွပ်ကျယ်နဲ့။ ထားပါတော့လေ တောသားမြို့ရောက်ပေါ့။ ကံဆိုးချင်တော့ သယ်လာတဲ့ Luggage က Baltimore မှာ ကားပြောင်းတုန်းက ပျောက်သွားတယ်။   ကျနော်   သေသေချာချာ   ပြောပါရက်နဲ့   ကားအပြောင်းမှာ မတင်တာလား။ သူဌေးနဲ့တူတာ ကျနော်တယောက်တည်း ရှိတာမို့ အိတ်ဖြောင်သွားလားမသိ။ New York Port Authority ရောက်တော့ အဝတ်တထည် ကိုယ်တခု။ UN အစည်းအဝေး လာတက်တယ် ထင်ချင်လဲ ထင်ကြမပေါ့။ ဒါပေမယ့် UN က East Site မှာ။ ကားဂိတ်က လူစည်ကား Crime များတဲ့ 42nd Street မှာ။ တော်ပါသေးရဲ့။ ဖုန်းနံပါတ်လေး ဆက်လိုက်တော့ စက်ရုံပိုင်ရှင်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်မြင့်နဲ့ ဆက်သွယ်ရပြီး China Town ကို ရောက်သွားတယ်။အထုပ်ပျောက်သွားတော့ ပေါ့ပေါ့ပါးပါးပဲ။ အဝတ်တထည် ကိုယ်တခုနဲ့။

         ဆရာက သဘောကောင်းလှပါတယ်။ သူ့ကားနဲ့ စက်ရုံရှိရာ New Jersey ကို လိုက်ပို့တယ်။ နာမည်ကျော် Washington Square ကို ပတ်မောင်းပြပြီး ပြောပြပါတယ်။ “ဒါက နာမည်ကျော် Washington Square လေတဲ့။ အရူးတွေ ဘိန်းစားတွေ မျက်လှည့်ဆရာ၊ ပန်းချီဆရာတွေ နေတာပေါ့တဲ့။” နောက်ဆုံးစကားလုံးကတော့ သိပ်သဘောမကျလှ။ ဆရာက အလွန်ရိုးသားစွာ ပြောပြလိုက်တာပါ။ စက်ရုံက Newark မှာရှိပြီး မြန်မာဆရာဝန်တစုပိုင်တဲ့ စက်ရုံလို့ သိရပါတယ်။ ရောက်ရောက်ချင်း ညဆိုင်း အလုပ်ဝင်ရမှာဖြစ်ပြီး ည၁၁နာရီက    မနက်ရနာရီအထိ။     စက်ရုံမှူးက    ဆရာရဲ့ညီဖြစ်ပြီးကျနော့်ကို ပြောပြပါတယ်။ “ဆရာရယ် လူအများစုက အမေရိကားရောက်ရင် နတ်ပြည်ရောက်ပြီလို့ ထင်ကြတယ်။ တကယ်တော့ ဆရာတို့ တက္ကသိုလ်မှာလို နတ်သမီးလေးတွေ တဖက်ငါးရာမရှိပါဘူး။ အလုပ်အရမ်းလုပ်ရတယ်”ဟု ညည်းညူ အားပေးစကားပြောခဲ့ပါတယ်။

        အလုပ်က  ပလပ်စတစ်ဘူးတွေလုပ်တဲ့   စက်ရုံပါ။ ပလပ်စတစ် ညှစ်စက်က ကျလာတဲ့ ခွက်တွေကို ထပ်စီ ကတ်ပုံးထဲထည့်၊ ကတ်ပုံးတွေကို ထင်းရှူးပြားအောက်ခံပေါ်တင်တဲ့ အလုပ်ပါ။ စက်က အဆက်မပြတ် ရောက်လာ ကျလာတဲ့ ခွက်တွေကို ကောက်ရင်း လူစီရဲ့ ချောကလက်စက်ရုံကို သတိရရင်းပြုံးမိတယ်။ ပိုင်ရှင်တယောက်ဖြစ်တဲ့   ဒေါက်တာကျော်ထွန်း  ရောက်လာပြီး။  “လူသစ်ကို   Speed အမြန် ဘာလို့ဖွင့်တာလဲ။ လျှော့လိုက်” ဆိုတော့မှ ကျနော် သက်သာရာ ရသွားတယ်။ မနက်၇နာရီ အလုပ်ပြီးတော့ စက်ရုံအပြင်ဖက်က ထင်းရှူး Pallette ကတ်ပြားတွေပေါ်မှာ ပက်လက်လှန်အိပ်ရင်း အကို ပြောတဲ့စကား ကြားယောင်လာမိ။ “မင်းဒီမှာ Green Card လျှောက်ပေးမဲ့သူနဲ့ အလုပ်အဆင်ပြေနေတာ New York သွားဘို့စဥ်းစားနော်”တဲ့။

        ဘယ်အလုပ်မဆို အဆင်မပြေသေးတဲ့ ကာလတွေမှာ အကောင်းဆုံး ရုန်းကန်လှုပ်ရှားခဲ့ရပြီး၊ ဝါသနာပါရာ ကျွမ်းကျင်အလုပ်ကိုတော့ တနှစ်ကြာမှ ရခဲ့ပါတယ်။ အဆင်မပြေတာတခဏ ကြိုးစားရုန်းကန်ကြရမှာတဘဝ။

             Newark International Air Port(ယခု Liberty International Air Port)မှ ထွက်လာသော ကောင်းကင်ပေါ်မှ 747 လေယာဥ်ပျံကြီးကိုကြည့်ကာ အိမ်ပြန်ရင်ကောင်းမလား...။

တက္ကသိုလ် အောင်ကျော်မိုး

Next
Next

Asylum ဆိုတာ …