ဗမာ့စစ်တပ်ဆိုးနှင့် ဒီမိုကရေစီ လမ်းကြောင်း
နိုင်ငံရေးအကြောင်း ရေးဖို့ဆိုတော့ နိုင်ငံရေးလောက ကျယ်ပြောလှသည်။ လူသား သန်းပေါင်းရှစ် ထောင် ကျော်နှင့် (8.1 Billion) ဆိုင်သော ကိစ္စမဟုတ်ပါလား။ တနည်းအားဖြင့်လူသား အားလုံး၏ နေ့တဓုဝ ကိစ္စ ပြဿနာများနှင့် ဘက်ပေါင်းစုံမှ ရုန်းကန်လှုပ်ရှားသော လူသားများ၏ အကြောင်းနှင့် ဆိုင်လေသည်။ နယူးယောက် အကြောင်း လား၊ အမေရိကန် အကြောင်းလား၊ ဥရောပ အကြောင်း လား၊ အာရှအကြောင်း လား၊ ပိုအသေးစိတ် လိုက်မည်ဆိုလျှင်အရှေ့တောင် အာရှအကြောင်း လား၊ မြန်မာနိုင်ငံ လား၊ တရုတ်နိုင်ငံ အကြောင်း လား စသည် စသည်ဖြင့် အကြောင်းအရာပေါင်းစုံ ခေါင်းတွင် တသီ တတန်း ကြီး ပေါ်ထွက် လာလေသည်။ အမှန်ကတော့ ဒီလိုအကြောင်း အရာ ပေါင်းစုံ ပေါ်ထွက်လာရခြင်း အစကိုက အကြောင်းအရာ ပြဿနာအစပင်ဖြစ်လေသည်။
New York Myanmar Voice (နယူးယောက်မြန်မာအသံ) စာစောင်က မြန်မာ တိုင်းရင်းသား ပေါင်းစုံ အတွက် တတ်နိုင်သရွေ့ တစုံတခု သော အကျိုးစီးပွား တစုံတရာသော အသိတရား နှင့်ဗဟုသုတ များ ပေးနိုင်မလား ဆိုသည့် စေတနာ ရည်ရွယ်ချက် ဆိုတော့ လက်ရှိ မြန်မာ့ လူ့ အဖွဲ့အစည်း အကြပ်အတည်း ပြဿနာများ အ ကြောင်း ရေးတာက အသင့်တော်ဆုံးဟု ကောက်ချက်ချ မိလေသည်။ ရေးဖို့ စလိုက်သည်နှင့်ပင် အခြေ မခိုင်သည့် မြန်မာ့ လူ့အဖွဲ့ အတွက်ပြဿနာစတက်လေတော့သည်။ ဗမာနဲ့ရေးမလား၊ မြန်မာ နဲ့ရေးမလားပေါ့လေ။ စာစောင်အနေဖြင့် မြန်မာဆိုသော ဝေါဟာရကို သုံးထားလေတော့ အခက်တွေ့ လေသည်။ ကျနော်အနေဖြင့်နိုင်ငံရေး ၊သမိုင်းရေးနှင့် တရား၀င်မှုဘောင် (Legitimacy) ကိုအခြေခံ စံအဖြစ် သတ်မှတ်ထား သောကြောင့် ဗမာ ဆိုသော ဝေါဟာရကို သုံးတော့မည် ဟု ဆုံးဖြတ်မိပါသည်။ ထိုဗမာ မြန်မာ ဝေါဟာရ နှစ်ခု ပြဿနာနှင့် ပတ်သက်သည့် အငြင်းပွားမှု သုံးသပ်မှု များစွာသီးသန့် ရေးထားသော ဆောင်းပါးများစွာ ရှိသည့်အနက်မှ ဆရာမောင်သာချို၏ တင်ပြချက်များက ပို၍ ကြောင်းကျိုးညီညွတ်မှု ရှိသည် ဟုထင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ စကားလုံးဝေါဟာရ (Word) များဖြင့် ဝါကျ များ (Sentence)၊ အဆိုအချေများ ကို ဖွဲ့စည်းပါသည်။ ထို အဆိုအချေများကို ဖတ်ကာၢ ကြည့်ကာၢဆိုလိုရင်း အနက်အဓိပ္ပါယ် (Meaning) ကို နားလည် သဘောပေါက်မှု (Understanding) တခု အဖြစ် ဘာသာပြန် (Interpretation) ယူရပါသည်။ နိုင်ငံရေး ခေါင်းဆောင် များ က ထိုအခြေခံကို ကြေညက်သလား၊ မကြေညက် ဘူးလား ဆိုတာကို သူတို့ရဲ့ ပြောစကားတွေ မိန့်ခွန်းတွေကို နားထောင်ခြင်းဖြင့် သိနိုင်ပါသည်။
ဟုတ်ပြီ။ ဒီ ဗမာ မြန်မာ ဆိုတဲ့ ဝေါဟာရ ပြဿနာ ကမ္ဘာပေါ် ရောက်လာတာ ဘယ်သူတွေ လုပ် ခဲ့တာလဲ။ ရှင်းပါသည်။ လွတ်လပ်ရေးနှင့် အတူသန္ဓေ မမှန်စွာ ပေါ်ပေါက်လာသည့် ဗမာ့စစ်တပ်က လူဆိုး လူလိမ်တွေက စခဲ့တာလို့ဆိုရမှာ ဖြစ်ပါသည်။ ကာလအားဖြင့် တော့ ၁၉၈၀ ခုနှစ်များ အစပိုင်းမှာ ဗမာ့ စစ်အာဏာရှင် ဖခင်ကြီး ဦးနေဝင်း စခဲ့တာပါ၊ ကမ္ဘာ့အဆင့် ရောက်ရှိခဲ့တာ ကတော့ ၁၉၉၀ခုနှစ် နအဖ စစ်အုပ်စု လက်ထက်မှာ ဖြစ်ပါသည်။ ဗမာကို မြန်မာအဖြစ် ပြောင်းသုံးခဲ့တာ သိပ်မကြာ သေးပါဘူး။ ၃၄ နှစ်ပဲ ရှိပါသေးသည်။
လက်ရှိ အရပ်သုံး စကားနှင့် ပြောရလျှင် တော့ ဂျင်းထည့်တာပေါ့။ လွတ်လပ်ရေး ရခြင်း နှင့် အတူ အပြိုင်အဆိုင် ဂျင်း ထည့်ကြသည့် အကျင့်စရိုက် ရှိသည့်၊ အာဏာ ငတ်မွတ်ခဲ့သည့် ဗမာ့ နိုင်ငံရေး အဆောက်အအုံတွေ ထဲတွင် ဒီ ဗမာ့စစ်တပ်ဆိုး က အကျွမ်းကျင်ဆုံးလို့ ဆိုရမှာပါ။ အမြဲတမ်း အူ ကြောင်ကြောင် လုပ်တတ်သည့် ကုလသမဂ္ဂနှင့် စီးပွားရေး အုပ်စုများ အာဏာ မျက်နှာ ငွေမျက်နှာကို အခြေပြု ဆုံးဖြတ်သည့် အချို့မီဒီယာ သတင်းဌာနတွေက မြန်မာဆိုသော ဝေါဟာရကို စတင် အသိအမှတ်ပြု သုံးစွဲလာသည်မှာ အခုဆို အတော်နေသားကျသလို ဖြစ်နေပါပြီ။ လေယာဉ်လက်မှတ် ဝယ်လျှင်တောင် Burma ဆိုသည့် အမည်နှင့် ဝယ်လို့ မရတော့ပါဘူး။ ကမ္ဘာပေါ်မှာ အမေရိကန် နိုင်ငံ တခု လောက်ပဲ Burma ဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သုံးဖို့ ပြဌာန်း ထားတယ်။ နိုင်ရေး ခံယူချက် မှန်ကန် ခိုင်မာတယ်လို့ ဆိုရမှာ ဖြစ်ပါသည်။
တချက်ထဲပြောရလျှင် လွတ်လပ်ရေး ရရန် ကြိုးစား ရုန်းကန်ခဲ့ကြသည့်း မျိုးချစ်ဗမာများက မွေးထုတ်ပေးခဲ့သည့် ဗမာ့ လက်နက်ကိုင် အဖွဲ့အစည်းသည် လွတ်လပ်သည့် ဗမာ့လူ့အသိုင်းအဝိုင်းနှင့် ဗမာနိုင်ငံကိုပျက်ဆီး စေခဲ့သည်မှာ နှစ်ပေါင်း (၇၆)နှစ်တိုင် ကြာလာခဲ့ပါပြီ။ နှစ်တရာ ကျော်အောင်လည်း ဆက်လက် အုပ်စိုးဖို့လည်း ပြင်ဆင် နေကြပါသည်။ ဂျပန်ဖက်ဆစ် အာဏာရှင်တွေနှင့် ပူးပေါင်း ခဲ့သည့် ဗမာ့ စစ်တပ် စိတ်ဓါတ် နှင့် အတွေးအခေါ် အခြေအနေ မဟန်တော့ ကိုယ့်ကျေးဇူးရှင် ဂျပန်ကို ကိုယ်ပြန်သတ်ပြီး အားသာလာသည့် အင်္ဂလိပ်ကို မျက်နှာချိုသွေး ခဲ့သည့် စစ်တပ် စိတ်ဓါတ်နှင့် အကျင့်စရိုက် များက ဤ ဗမာ့လက်နက်ကိုင် အုပ်စုသည် တနပ်စား အတွေးအခေါ် သာသည့်ဘက် ယိမ်းမည် ဆိုသည့် အတွေးအခေါ် ရှိသည်ဟုမှတ်ချက်ဆွဲ ရမှာပါ။ ထိုဗမာ့စစ်တပ်ဆိုး၏ အပြုအမူ၊ အကျင့်စရိုက် အတွေးအခေါ်များ သည်စောင့်ထိန်း လိုက်နာရမည့်အပိုင်းကပဲ ကြည့်ကြည့် (Code of Conduct)! အကျင့် စရိုက်ပိုင်းအရ ပဲကြည့်ကြည့် (Ethics) ဒီ ဤစိတ်ဓါတ်အခြေခံများသည် လွတ်လပ်ရေး ဖောင်ဒေးရှင်းကို ခိုင်အောင် မချနိုင်ခဲ့သလို၊ ဤစစ်တပ်ဆိုး ကပဲ ဗမာတိုင်းရင်းသား လူ့အဖွဲ့အစည်း တခုလုံးကို ကြီးစိုး ချယ်လှယ် နိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကို သတ်ခဲ့သည်လည်း ဤ စစ်တပ် နောက်ကနေ ပါတာပဲ။ တည်မြဲ ဖဆပလ နှင့် သန့်ရှင်း ဖဆပလကို နှစ်ခြမ်းကွဲအောင် လုပ်ခဲ့တာလည်း ဒီစစ်တပ် ပါတာပဲ။ မျက်ကန်း မျိုးချစ်စိတ် ဝင်အောင်၊ လူမျိုးရေး တိုက်ပွဲ ဖြစ်အောင် ကလေးများကို သတ်ဖြတ် မီးရှို့စားပြ (အင်းစိန်ခဝဲခြံ) ခဲ့တာလဲ ဤစစ်တပ်ဆိုး လုပ်ခဲ့သည်။ သမိုင်း ဝင်သည့် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂကို မိုင်းခွဲခဲ့ သည်လည်း ဤဗမာ့ စစ်တပ်ပဲ။ ဆယ်စုနှစ် (၇)စု ကျော် လူသတ် လိုင်စင် ကိုင်ထားသလို ထင်ရာမြင်ရာ သတ်ဖြတ်၊ နေရာ မရှောင် မီးရှိုခဲ့ သည်လည်း ဤဗမာ့ စစ်တပ်ဆိုးပဲး ငြိမ်းချမ်းစွာ တောင်းဆိုသူတွေ၏ ဦးခေါင်းကိုပဲ သေသေ ချာချာချိန်ပြီး ပစ်သတ် ပြခဲ့သည်လည်း ဤဗဟမာ့ စစ်တပ်ဆိုး ပဲ ၂၀၀၈ စစ်ခြေဥကို ပြဌာန်းပြီး စစ်မျိုးဆက် တည်ထောင်ကာ ထာဝရ စစ်ကျွန်စနစ်တည်ထောင်ဖို့ လုပ်ခဲ့သည်လည်း ဒီစစ်တပ်ဆိုးပဲ။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ခုတုံးလုပ် အတုအယောင် ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနှင့် ဖျားယောင်းပြီး ဒီမိုကရေစီ အင်အားစုကို ဖြိုခွဲ ခဲ့တာ (၂၀၁၀ သိန်းစိန် စစ်အုပ်စု လက်ထက်) လည်း ဤဗမာ့စစ်တပ်ဆိုးပဲ ရွေးကောက်ပွဲ များလုပ်ပြပြီး အာဏာ မလွဲခဲ့ သည်လည်း ဤစစ်တပ်ဆိုးပဲ။ တိုင်းပြည်တခုလုံးရဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကို အဖတ်ဆယ်မရ ဘုံးဘုံးလဲ ပြိုကျစေခဲ့တာ လည်း ဒီစစ်တပ်ဆိုးပါပဲ။
ဒီတော့ ဒီနေ့ခေတ် ဗမာတိုင်းရင်းသား ပေါင်းစုံ လူ့အဖွဲ့အစည်းကြီး တခုလုံးမှာရှိသည့်လူတိုင်း လူတိုင်းက ဤလောက်ထိ ရက်စက် ဒုက္ခပေးနေသည့်း မူနှင့် စံသဘောထား မရှိပဲ ထင်တိုင်းကြဲ လုပ်လေ့ရှိသည့်: ဤစစ်တပ် အအောက်အအုံကို မည်ကဲ့သို့လုပ်ကြလျှင် ကောင်းမည် ဆိုသည်ကို မှန်မှန်ကန်ကန် စဉ်းစားနိုင်ဖို့ လိုပါသည်။ ဤကဲသို့ ရက်စက်ယုတ်မာ ကောက်ကျစ် စဉ်းလဲသော ဗမာ့လက်နက်ကိုင် အဆောက်အအုံ ဖြစ်သည့် ဤဗမာ့စစ်တပ်ဆိုးကို ဆက် မထားသင့်တော့ ပေး
ဆက်လက် သက်ဆိုးမရှည်စေသင့်တော့ပေ။ ဒါသည် ဗမာ တိုင်းရင်းသား လူထုတရပ်လုံး အတွက် မလုပ် မဖြစ် လုပ်ရမည့် အချက်ဖြစ်နေ လေသည်။ ဗမာသမိုင်းတွင် စံနမူ ယူလောက် အောင် ဖျက်သိမ်း ပစ်ရမည် ဖြစ်ပေသည်။ နိုင်ငံရေး ကင်းရှင်းသည့် ဖယ်ဒရယ် စစ်တပ် စစ်စစ် (Professional Army) တခုကို အသစ် အစားထိုး ကြရမည် ဖြစ်ပါသည်။
တဆက်တည်း မှာပင် အထူး သတိထား ကြမည့် အချက်မှာ စစ်အာဏာရှင် ဖျက်သိမ်းခြင်း နှင့်အတူ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပုံဖော်ဖို့ လိုအပ်ပါသည်။ စစ်တပ်နှင့် စစ်အာဏာရှင် တွေ တော့ပြုတ်ကြသွားပါရဲ့ ဒီမိုကရေစီ မတည်ဆောက် နိုင်ဘူး ဆိုလျှင် ဤကြိုးပမ်းမှုများသည် သဲထဲရေသွန် ဖြစ်နိုင် ပါသည်။ ၂၀၁၀ သိန်းစိန်အစိုးရ ၏ ဒီမိုကရေစီ အတုအယောင် အပြောင်းအလဲ အောက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD များ နှစ်မြော ပါသွားခဲ့ကြ၍ နှစ်ပေါင်း(၂၀) ကျော် ကြိုးစား လာခဲ့သမျှ အရာမထင် ခဲ့ကြပေ။ တနည်း အားဖြင့် ဒီမိုကရေစီ တော်လှန်ရေးလမ်းကြောင်း လွဲသွားခဲ့သည်။ အာဏာ ရရှိရေး မူနောက် လိုက်သွား ခဲ့သည်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို မတင်နိုင်ခဲ့ကြသလို စစ်ခြေဥ အတွင်း အာဏာနောက်ကို လိုက်ခဲ့မှု အကျိုး ဆက်က စစ်တပ်၏ အသုံးချမှုကို ခံရကာ နိုင်ငံရေး အမှားအယွင်းများ လုပ်ခဲ့လေသည်။ ဥပမာအားဖြင့် ရုရှားတရုတ်ကို ဗဟိုပြုသော နိုင်ငံခြားရေးမူဝါဒၤ လူ့အခွင့်အရေး ပြဿနာ၊ ပြည်တွင်းလူထု နှင့် ကျောင်းသား ဆန္ဒ ဖော်ထုတ်ပွဲများကို ကိုင်တွယ် ဖြေရှင်းပုံများ အခြားကိစ္စရပ်များ ဖြစ်ပါသည်။ အဆုံးတွင်တော့ဘီလူး လူယောင် ဆောင်ထားသော စစ်တပ်ဆိုး က လက်နက်အားကိုးဖြင့် နဂိုအချိုးအတိုင်း ဘီလူး ဆိုင်းနှင့် ကပြခြင်း ခံလိုက်ရလေသည်။
ဒီမိုကရေစီ လမ်းကြောင်းမှန် ပေါ်ရောက်ဖို့ အခြား သတိထားရမည့် အချက်တခုရှိသေးသည်! နိုင်ငံခြား ဆက်ဆံရေး ဖြစ်သည်။ လတ်တလော အခြေအနေတွင် တရုတ် ကွန်မြူနစ် အစိုးရသည် ဗမာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ အကြီးမားဆုံး အဟန့်အတား ဖြစ်လေသည်။လတ်တလော ကာလ ၂၀၂၄ ဇွန်၊ ဇူလိုင် သြဂုတ်လများ အတွင်း တရုတ် ကွန်မြူနစ်အစိုးရစါ လှုပ်ရှားမှုများ အတော် အကွက် စိပ် ခြေသွက် နေသည်ကို တွေ့ရ လေသည် ဗိုလ်သိန်းစိန် ခေါ်တွေ့သည်။ မင်းအောင်လှိုင်ကို နုတ်ထွက် စေဖို့ ဖိအားပေးသည်။ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး တိုက်ပွဲများ နောက်ကွယ်တွင် တရုတ်ကွန်မြူနစ် အစိုးရ ပါဝင်ပတ်သက် နေသည်။ ထိုတိုက်ပွဲများစါ အောင်မြင်မှု ကို ကျနော် အပါအဝင် ပြည်သူ တရပ်လုံးက ထောက်ခံကြိုဆို ဝမ်းမြောက်ကြသည်။ ဗမာ့စစ်တပ်ဆိုး ဇၢ် မရှုမလှ ကျဆုံးမှုများ အတွက် အားပေး ဂုဏ်ပြု ကြသည်။
သို့သော်ကျနော်တို့၏ ဒီမိုကရေစီလမ်းကြောင်း ကို မမှိတ် မသုန် မျက်ခြေမပြတ်ဖို့ လိုသည်။ တရုတ် ကွန်မြူနစ် အစိုးရ၏ လွှမ်းမိုးမှုကို မခံရဖို့လိုသည်။ အညာ မမိကြ စေဖို့ လိုသည်။ တရုတ် ကွန်မြူနစ် အစိုးရ သည် ကျနော်တို့၏ မိတ်ဆွေစစ် မဟုတ် တရုတ် ကွန်မြူနစ် အစိုးရသည် ဗမာ စစ်အုပ်စု အဆက်ဆက်ကို လည်း ကြိုးကိုင် ထားသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုလည်း ချိတ်ဆက် လွှမ်းမိုး ခဲ့သည်။ အခြား ဗမာ့ဒီမိုကရေစီ အင်အားစုများ နှင့်လည်း ဝင်ထွက် ပေါင်းသင်းထားသည်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ နှင့်လည်း အပေးအယူ အဆက်အဆံ ရှိသည်။
တချက်တည်း ပြောရရင် ဗမာနိုင်ငံရေး အုပ်စုများနှင့် တိုင်းရင်းသား အင်အားစု အားလုံးကို တရုတ်ကွန်မြူနစ် အစိုးရက ဘက်ပေါင်းစုံတွင် သြဇာ လွှမ်းမိုး နိုင်အောင် လုပ်ထားသည်။ ထိုအချက်ကို ဗမာတိုင်းရင်းသားအားလုံး သတိကြီးကြီးထား ကြရမည်။ ထို သြဇာဂယက် အောက် ရောက်မသွား မိအောင် အသိတရား ရှိဖို့လိုသည်။ ကျနော်တို့၏ တကယ့်မိတ်ဆွေ ပေါက်ဖော်အစစ် သည် ဒီမိုကရေစီ တရုတ်တိုင်းရင်းသား ပြည်သူများသာလျှင် ဖြစ်ရပေ မည်။
"ခါချဉ် ကောင် မာန်ကြီးလို့၊ တောင်ကြီးဖြိုမယ်ကြံ၊ ခါးကမသန်" ဆိုတာမျိုး ဗမာတွေ မဖြစ်ရလေအောင် ဗမာတွေအနေနဲ့ အပေါင်းအသင်းကောင်းတွေ၊ တရုတ် ကွန်မြူနစ် အစိုးရကို အင်အားချိန်ခွင် လျှာညှိပေးနိုင်သူတွေ၊ ဒီမိုကရေစီ မဟာမိတ်တွေ နှင့် လက်တွဲထားဖို့ လိုပေသည် အရှေ့တောင်အာရှတွင် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ပေါ်ထွန်းဖို့ နှစ်ပေါင်း(၇၆) ကျော်ကြာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသည့် နိုင်ငံမှာ ဗမာနိုင်ငံ တခုတည်းပင် ဖြစ်ပါသည်။ စစ်တပ်နှင့် စစ်အာဏာရှင် စနစ်ကို ဖယ်ရှားခြင်းနှင့် အတူ ဒီမိုကရေစီ လမ်းကြောင်းမှန် ပေါ်တက်ကာ သာယာဝပြောအေးချမ်းတည်ငြိမ်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တနိုင်ငံဖြစ်အောင် တည်ဆောက်နိုင်ကြဖို့လိုလေသည်။
မှတ်ချက်။ ဦးနေဝင်း ထုတ်ဝေခဲ့သည့် အစိမ်းရောင် မြန်မာစာ သတ်ပုံသတ်ညွန်း ကိုမလိုက်နာပါ။ ဥပမာ တနိုင်ငံ၊ "တစ်နိုင်ငံ" ဟုမသုံးပါ။
ရဲထွဋ်
August 3, 2024
New York City